ပါရာစီတမောအကြောင်း သိသင့်သမျှ
ပါရာစီတမောဟာ လူသိအများဆုံးနဲ့ အသုံးအများဆုံး ဆေးတစ်မျိုးပါ။ ပါရာ၊ ပါရာစီတမောလို့ အလွယ်တကူ ခေါ်နေကြပေမယ့် သူ့ရဲ့ ဆေးပညာနာမည်ရင်းက Acetaminophen ဖြစ်ပါတယ်။ ဆရာဝန်ညွှန်ကြားချက် မလိုတဲ့ ဆေးဖြစ်ပြီး အပျော့စားနဲ့ အလယ်အလတ်အဆင့် နာကျင်ကိုက်ခဲမှုတွေနဲ့ အဖျားရောဂါအတွက် အသုံးပြုလေ့ ရှိပါတယ်။
ဆရာဝန်ညွှန်ကြားချက် မလိုဘူး ဆိုပေမယ့် တချို့ အကိုက်အခဲပျောက်ဆေးတွေမှာ ပါရာစီတမောနဲ့အတူ တခြားသော အကိုက်အခဲပျောက်ဆေး အပြင်းစားတွေကို ပေါင်းစပ်ထုတ်လုပ်ထားတာမျိုး ရှိတတ်တာမို့ မသိဘဲ သောက်မိရင် ဆေးပမာဏ များသွားတာ၊ အစာအိမ်ထိခိုက်တာမျိုး ဖြစ်နိုင်လို့ ဖြစ်နိုင်ရင် ဆေးပညာနားလည်သူနဲ့ တိုင်ပင်ပြီးမှ သောက်သင့်ပါတယ်။
ပါရာစီတမောဟာ အကိုက်အခဲပျောက်ဆေး အပြင်းစားတွေလို အစာအိမ်နဲ့ အူနံရံကို ထိခိုက်စေနိုင်ခြင်း မရှိပါဘူး။ ဒါကြောင့် အစာနဲ့တွဲသောက်လို့ ရသလို တွဲမသောက်လည်း ရပါတယ်။ အစာအိမ်ရောဂါအခံရှိရင်တော့ အစာနဲ့ တွဲသောက်ဖို့ သင့်ပါတယ်။
ဘယ်လို ဝေဒနာတွေအတွက် အသုံးပြုနိုင်သလဲ?
- အဖျားကျဆေးအနေနဲ့သုံးသလို
- ခေါင်းကိုက် သွားကိုက်တာ၊ ခါးနာဒူးနာတာ၊ ရာသီလာစဥ် ကိုက်ခဲတာ၊ အဆစ်အမြစ်နာတာ၊ တုပ်ကွေးကြောင့် ကိုယ်လက်ကိုက်ခဲနာကျင်တာလို အပျော့စားနဲ့ အလယ်အလတ်အဆင့် နာကျင်ကိုက်ခဲမှုတွေ အတွက် ပါရာစီတမောကို သုံးနိုင်ပါတယ်။
ပါရာစီတမော သောက်ဆေးကို လူကြီးတွေအတွက် ဆေးခဲ၊ ကလေးတွေအတွက် ဆေးရည်ပုံစံနဲ့ ထုတ်လုပ်ထားတတ်ပါတယ်။ လူကြီးတွေက တစ်ရက်ကို ၅၀၀ မီလီဂရမ် ၃ ကြိမ် သို့မဟုတ် ၄ ကြိမ်ထိ သောက်နိုင်ပြီး ကလေးတွေကတော့ အသက်အရွယ်နဲ့ ကိုယ်အလေးချိန်အလိုက် ဆေးညွှန်းအတိုင်း သောက်ရပါမယ်။ ဆရာဝန်မညွှန်ကြားရင် အဖျားရောဂါအတွက် ၃ ရက်၊ နာကျင်ကိုက်ခဲတာအတွက် လူကြီးတွေဆို ၁၀ ရက်၊ ကလေးတွေဆို ၅ ရက်ထက်ပိုပြီး မသောက်သင့်ပါဘူး။
ပါရာစီတမော ထိုးဆေးလည်း ရှိပြီး ခွဲစိတ်ကုသတဲ့ လူနာတွေနဲ့ အထူးကြပ်မပ်ကုသဆောင်က လူနာတွေအတွက် အဓီက အသုံးပြုပါတယ်။ ပါရာစီတမောကို စအိုထဲထည့်တဲ့ ဆေးတောင့်အနေနဲ့လည်း ထုတ်လုပ်ထားတာ ရှိပါတယ်။
ဘေးထွက်ဆိုးကျိုး ရှိသလား?
ပါရာစီတမောဟာ ဘေးထွက်ဆိုးကျိုး မရှိသလောက်နည်းတဲ့ ဆေးတစ်မျိုးပါ။ ဘေးထွက်ဆိုးကျိုး ကြီးကြီးမားမား မရှိဘူးပေမယ့် ဆေးသောက်ပြီးမှ အနီစက်တွေ ထွက်တာ၊ မျက်နှာနဲ့ ခန္ဓာကိုယ်က ယားယံတာ၊ ရောင်ရမ်းလာတာ၊ မူးဝေနေတာ၊ အသက်ရှူကြပ်တာ စတဲ့ ဓာတ်မတည့်တဲ့ လက္ခဏာတွေ ဖြစ်လာရင်တော့ ဆရာဝန်နဲ့ ချက်ချင်းပြသင့်ပါတယ်။
အသည်းရောဂါ ရှိတဲ့သူတွေ၊ အရက်ပုံမှန်သောက်သူတွေ၊ ဆီးချိုရောဂါ ရှိသူတွေက ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ သောက်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင်တွေကလည်း ဆရာဝန်ညွှန်ကြားချက်နဲ့သာ သောက်သုံးသင့်ပါတယ်။
ပါရာစီတမောကို လိုအပ်တဲ့ ဆေးပမာဏထက် ပိုပြီး သောက်သုံးမိရင် အသည်းကို ထိခိုက်နိုင်ပါတယ်။ Overdose ရဲ့ လက္ခဏာတွေကတော့ ပျို့တာ၊ အန်တာ၊ မစားချင်မသောက်ချင် ဖြစ်တာ၊ ချွေးစေးတွေထွက်တာ၊ ဗိုက်အောင့်တာ၊ အသားဝါ မျက်စိဝါတာ၊ ဆီးအရောင့်ရင့်တာကနေ ကိုမာဝင်တာအထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လိုအပ်တာထက် ပိုမိုသောက်သုံးမိပြီး အထက်ပါလက္ခဏာတွေ ဖြစ်လာရင် အရေးပေါ်ဌာနကို ချက်ချင်းပြသသင့်ပါတယ်။
ပါရာစီတမောဟာ ဘေးထွက်ဆိုးကျိုးနည်းပြီး ဆရာဝန်ညွှန်ကြားချက် မလိုတဲ့ ဆေးဖြစ်ပေမယ့် မကြာခဏ အလွယ်တကူ သောက်တာမျိုးတော့ မလုပ်သင့်ပါဘူး။ မလိုအပ်ဘဲ ဆေးတွေ ခဏခဏ သောက်တဲ့အခါ စွန့်ထုတ်ရတဲ့ အသည်းနဲ့ ကျောက်ကပ်ကို ထိခိုက်နိုင်ပါတယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်